အိပ်စက်ခြင်းနဲ့ နှလုံးကျန်းမာရေး ဘယ်လို ဆက်စပ်နေလဲ
အိပ်စက်ခြင်းဟာ နေ့စဥ်ဘဝ လိုအပ်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ အရင်ဆုံး သိသာတာကတော့ မျက်ကွင်းတွေညို၊ မျက်တွင်းတွေချောင်ပြီး အလှပျက်ကာ စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ ပင်ပန်းနွမ်းနယ် နေတာပါ။ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
လုံလောက်စွာ အိပ်စက်ခြင်းဟာ ဇီဝကမ္မလုပ်ငန်းတွေကို ထိန်းညှိပေးသလို သွေးဖိအားနဲ့ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကိုလည်း လျှော့ချပေးပါတယ်။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေ ဖြစ်လာပြီး သွေးကြောတွေကို ပျက်စီးစေလို့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
အိပ်စက်နေချိန်မှာ သွေးဖိအားက ကျနေလေ့ ရှိပါတယ်။ အိပ်စက်ချိန် နည်းတဲ့အခါ သွေးဖိအားတက်နေတဲ့ အချိန်က ပိုများတဲ့အတွက် ကာလကြာရှည်တဲ့အခါ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်လာစေပါတယ်။ ဒါ့အပြင် အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ထဲက Cortisol ဆိုတဲ့ ဟော်မုန်းတွေ များပြားစွာ ထွက်လာစေပါတယ်။ Cortisol ရဲ့ ဆိုးကျိုးတွေထဲက တစ်ခုက သွေးကြောတွေ ကျဥ်းစေပြီး သွေးဖိအား များစေတာပါ။
အိပ်ရေးမဝတဲ့အခါ အင်ဆူလင်ခုခံမှုလည်း ဖြစ်လာပါတယ်။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းပါ။ အင်ဆူလင်ခုခံမှု ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်မှု မရှိတော့လို့ သွေးတွင်းသကြားဓာတ် မြင့်တက်လာတာကို ခေါ်တာပါ။ ကာလကြာတဲ့အခါ အမှတ် ၂ အမျိုးအစား ဆီးချို ဖြစ်လာပါလိမ့်မယ်။
အိပ်စက်ချိန် နည်းတဲ့အခါ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ Ghrelin ဟော်မုန်းတွေ များလာကာ အစာစားမိစေသလို ညဘက်ဗိုက်ဆာတဲ့အခါ အာလူးကြော်၊ ကွတ်ကီး၊ ဘီစကစ်တို့လို Snack တွေကို ရွေးချယ်မိတာများတာမို့ အဝလွန်ခြင်း ဖြစ်နိုင်ပါတယ်။ အဝလွန်ပြီး သွေးကြောနဲ့ နှလုံးမှာ အဆီတွေပိတ်တာက နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်စေပြီးလေဖြတ်တာ၊ နှလုံးအမောဖောက်တာတွေ ဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေမှာ အိပ်နေစဥ် အသက်ရှူရပ်သွားတတ်တဲ့ရောဂါ (OSA) ဖြစ်နိုင်ခြေလည်း များပါတယ်။
အိပ်ရေးမဝတဲ့အခါ ဖြစ်လာတဲ့ စိတ်ဖိစီး၊ စိတ်ဓာတ်ကျတာတွေကြောင့်လည်း နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။
အသက်အရွယ်အလိုက် လိုအပ်တဲ့ အိပ်ချိန်တွေက…
- မွေးစကနေ ၃ လအထိ: ၁၄-၁၇ နာရီ
- ၄လကနေ ၁၁လအထိ: ၁၂-၁၅ နာရီ
- ၁-၂ နှစ်: ၁၁-၁၄ နာရီ
- ၃-၅နှစ်: ၁၀-၁၃ နာရီ
- ၆-၁၃ နှစ်: ၉-၁၁ နာရီ
- ၁၄-၁၆ နှစ်: ၈-၁၀ နာရီ
- ၁၈ နှစ်အထက် လူကြီး: ၇-၉ နာရီခန့် ဖြစ်ပါတယ်။
လုံလောက်တဲ့ အိပ်စက်ချိန်မရှိပါက ကာလကြာလာတာနဲ့အမျှ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေအပြင် အဝလွန်တာ၊ အိုမင်းရင့်ရော်လွယ်တာ၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုများတာ စတဲ့ ဆိုးကျိုးတွေလည်း ဖြစ်နိုင်တာမို့ အချိန်မှန်အိပ်ဖို့နဲ့ အိပ်ချိန်လုံလောက်ဖို့ ဂရုစိုက်ရန် လိုအပ်ပြီး နာတာရှည် အိပ်မပျော်တာမျိုး ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်